January 15, 2011 at 12:55 pm
filed under ဆောင်းပါး
ဒီဆောင်းပါးကို ဆရာ လူထုစိန်ဝင်းက ၂၀၁၀ပြည့်နှစ်၊ ဒီဇင်ဘာလအတွင်းမှာ ရေးသားခဲ့ပါတယ်။
မကြာမီက နိုင်ငံခြားက နိုင်ငံခြားသူ စာရေးဆရာမ တစ်ယောက်နဲ့ အတော်ကြာကြာ စကား ပြောဖြစ်တယ်။ အရင်ကတည်းက ရင်းနှီးပြီးသားဖြစ်လို့ နှစ်ယောက်စလုံး ပွင့်ပွင့်လင်းလင်းပဲ ပြောကြတယ်။ သူက မြန်မာပြည်နေရာအနှံ့ အခေါက်ခေါက် အခါခါ ရောက်ဖူးတဲ့အတွက် စကား ပြောရတာ လွယ်ကူချောမောတယ်။ သိပ်လက်မ၀င်ဘူး။
လူအိုရုံတွေနည်း
စကားပြောရင်းနဲ့ မြန်မာပြည် မြို့ကြီး၊ မြို့နယ် အတော်များများမှာ နာရေးကူညီမှုအသင်းတွေ ပေါ်ထွန်းလာတာ ၀မ်းသာစရာကောင်းတဲ့ အကြောင်းပြောပြီး အိုရေးအတွက်တော့ လူအိုရုံတွေ သိပ်နည်းနေလို့ အားမရဘူးလို့ပြောပြတယ်။ မှန်ပါတယ်။ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ကြည့် မယ်ဆိုရင် ဘိုးဘွားရိပ်သာတွေ နည်းပါတယ်။ အနောက်နိုင်ငံသားတွေက ဘာမဆို ကိန်းဂဏန်း တွေကတစ်ဆင့် ကြည့်တတ်ကြတာဆိုတော့ သူတို့မျက်စိထဲမှာတော့ အထင်အမြင်သေးစရာ ဖြစ်နေပါလိမ့်မယ်။ ဒါတောင် ဒီစာရေးဆရာမက မြန်မာနိုင်ငံအကြောင်း ကောင်းကောင်းသိပြီး မြန်မာလူမျိုးတို့ရဲ့ စရိုက် သဘာဝနဲ့ ယဉ်ကျေးမှုကို တော်တော်လေး ချစ်ခင်နှစ်သက်သူ ဖြစ်ပါတယ်။
ရေတ၀က်ရှိတဲ့ ပုလင်းလို
ဒီကိစ္စဟာ ရေတစ်ဝက်ရှိတဲ့ ပုလင်းကို ကြည့်သလိုပဲ ကြည့်သူရဲ့စိတ်ကိုလိုက်ပြီး အမြင်ကွဲပြား သွားနိုင်တဲ့ကိစ္စပါ။ အကောင်းမြင်စိတ်ဓာတ်ရှိသူက ရေတစ်ဝက်ရှိတဲ့ ပုလင်းကိုကြည့်ပြီး ရေတစ် ၀က်ကြီးများတောင် ကျန်ပါသေးလားလို့ မြင်ပါလိမ့်မယ်။ အဆိုးမြင်စိတ်နဲ့ ကြည့်တတ် သူက တော့ ရေတစ်ဝက်ပဲ ကျန်တော့ပါလား မြင်ပါပြောပါလိမ့်မယ်။ ဘိုးဘွားရိပ်သာတွေ နည်းတဲ့ ကိစ္စကို အဆိုးမြင်နဲ့ ကြည့်ရင်တော့ မြန်မာတွေ မေတ္တာ၊ ကရုဏာခေါင်းပါးတယ်။ လူမှုရေး နား မလည်ဘူး၊ အရပ်ဘက်လူ့အဖွဲ့အစည်းတွေ မဖွံ့ဖြိုးသေးဘူး စတဲ့အမြင်တွေနဲ့ ကောက်ချက် ချမှာ သေချာတယ်။ ဒါတင်မက ကိုယ်လိုချင်ရာဆွဲပြီး အရပ်ဘက်လူ့အဖွဲ့အစည်းတွေ ‘အင်စတီ ကျူရှင်း’ တွေ အလုံအလောက်မရှိသေးလို့ ဒီမိုကရေစီနဲ့ မထိုက်တန်သေးဘူးလို့ ကောက်ချက် ချသူတချို့လည်း ရှိလိမ့်မယ်။
အိမ်ဦးခန်းမှာထား
အကောင်းမြင်နဲ့ကြည့်ရင်တော့ မြန်မာလူ့အဖွဲ့အစည်းက ဗုဒ္ဓဘာသာထွန်းကားတဲ့ အဖွဲ့ အစည်း ဖြစ်တာကြောင့် မိဘကို ရတနာသုံးပါးနဲ့ ထပ်တူထပ်မျှ ရိုသေလေးစား ဦးထိပ်ထားပြီး ပြုစု စောင့်ရှောက်ကြတယ်။ သက်ကြီးရွယ်အိုဆိုရင် မိဘသာမက ဦးကြီး၊ ဘကြီး၊ ဦးလေး၊ အဒေါ် တွေကိုတောင် အိမ်ဦးခန်းမှာထားပြီး ရာသက်ပန် ပြုစုစောင့်ရှောက်ကြတယ်။ ဒါကြောင့် လူအိုရုံ တွေ သိပ်များများစားစား မလိုတာလို့ တွေးပါလိမ့်မယ်။ မြန်မာနိုင်ငံက ဆင်းရဲတဲ့ ကျေးလက် တောရွာ တွေမှာတောင် သက်ကြီးရွယ်အိုတွေကို စွန့်ပစ်ထားလို့ လမ်းဘေး ရောက်နေတာ မျိုး တွေ မတွေ့နိုင်ပါဘူး။ မာသာထရီဇာက လမ်းဘေးမှာ လိုက်ကောက်ပြီး ပြုစု စောင့်ရှောက် ရတယ်ဆိုတဲ့ အခြေအနေမျိုး ဘယ်မြို့၊ ဘယ်ရွာမှာမှ မရှိပါဘူး။
စိတ်ယဉ်ကျေးမှု မြင့်လို့
ငွေကြေးချမ်းသာပြည့်စုံနေလို့ လူအိုလူမင်းတွေကို မစွန့်ပစ်ကြတာ မဟုတ်ဘူး။ စိတ်ယဉ် ကျေး မှုကိုက အဆင့်မြင့်တဲ့ လူမျိုး ဖြစ်လို့ပါ။ နိုင်ငံခြား တိုင်းပြည်ကြီးတွေ တိုးတက် ချမ်းသာကြ ပါတယ်။ ရာဇ၀တ်မှုတွေနဲ့ အကြမ်းဖက်မှုတွေဆိုတာလည်း ကြောက်ခမန်းလိလိဖြစ်အောင်ကို ထူပြောလှပါတယ်။ သက်ကြီးရွယ်အို ဘိုးဘွားမိဘတွေကိုလည်း ပစ်ပယ်လွန်းပါတယ်။ လူကြီး တွေအတွက် အချိန်ပြည့် ပြုစုစောင့်ရှောက်မှုတွေရှိလို့ ပိုကောင်းတာပေါ့ ဆိုတဲ့ စကားလုံး လှလှလေးတွေ သုံးပြီး Nursing Home လို့ခေါ်ကြတဲ့ လူအိုရုံတွေကို ပို့ထားလိုက်ကြတာပါပဲ။
လူဟာလူပဲ
လူအိုရုံတွေမှာ ဆရာဝန်တွေ၊ သူနာပြုတွေ အများကြီးရှိကြပါတယ်။ ဒါပေမယ့် သားသမီးတွေ မဟုတ်ပါဘူး။ မြေးတွေ၊ မြစ်တွေ မဟုတ်ပါဘူး။ ထမင်း အချိန်နဲ့ကျွေး၊ ဆေး အချိန်နဲ့တိုက်၊ သွေးတိုင်းဖို့လိုရင် တိုင်းပေးဆိုတာလောက်နဲ့ ပြီးရောလား။ ဒါကို လူအိုတွေအတွက် ကောင်း တယ် လို့ပြောတာလား။ သားသမီးတွေကို အချိန်တန် အရွယ်ရောက်လို့ လူလားမြောက်တဲ့အထိ ကျွေးမွေးပြုစု စောင့်ရှောက်လာခဲ့ကြရှာတဲ့ အဖေတွေ၊ အမေတွေပါ။ မရက်စက်သင့်ပါဘူး။ အရာရာ ကို ရုပ်ပိုင်းဆိုင်ရာကိုသာကြည့်ပြီး မစဉ်းစားသင့်ဘူး။ မေတ္တာ၊ ကရုဏာ ဆိုတဲ့ စိတ်ပိုင်း ဆိုင်ရာတွေကိုလည်း ထည့်စဉ်းစား သင့်တယ်။ အဘိုးအို၊ အဘွားအိုကြီးတွေလည်း မြေးကလေး တွေ ရယ်ရွှင်မြူးတူး ဆော့ကစားနေတာလေးတွေကို ကြည့်ပြီး ကြည်နူးချင်ကြရှာမှာပါ။ သူနာပြု ဆရာမ ခင်းပေးတဲ့ အိပ်ရာခင်း ဖြူသန့်သန့်လေးထက်၊ မြေးကလေးတွေ လာအိပ်ရင်း ပေါက်ချ သွားတဲ့ သေးနံ့လေးသင်းနေတဲ့ အိပ်ရာခင်းဟောင်းလေးကို ပိုပြီးသဘောကျကြမှာ သေချာပါ တယ်။ ဘယ်လောက် ကြီးကြီး၊ ဘယ်လောက်ငယ်ငယ် လူဟာလူပါပဲ။ ကိုယ်က ချစ်နေချင် သလို၊ ကိုယ့်ကိုချစ်တာလည်း ခံချင်ပါတယ်။
အခြားတစ်ဖက်က မစဉ်းစားမိလို့
ဒီအကြောင်းအရာတွေကို ပြောလိုက်တော့ နိုင်ငံခြားသူ စာရေးဆရာမက ချက်ချင်း သဘော ပေါက်သွားတယ်။ ရေတစ်ဝက်ရှိတဲ့ ပုလင်းကိုကြည့်တဲ့ သဘောမျိုးပဲ ဆိုတာကိုလည်း လက်ခံ တယ်။ အခြားတစ်ဖက်က လှည့်ပြီးမစဉ်းစားမိတာ သူ့အပြစ်ပါလို့လည်း ၀န်ခံတယ်။ သူက မြန်မာပြည်ကို အခေါက်ခေါက် အခါခါရောက်ပြီး မြန်မာလူမျိုးတွေ အများကြီးနဲ့လည်း ရင်းနှီး ကျွမ်းဝင်နေလို့သာ ချက်ချင်း သဘောပေါက်လွယ်တာ။ တခြားနိုင်ငံခြားသားတွေဆို နားလည် သဘောပေါက်မှာ မဟုတ်ဘူး။ အဲဒီလို လူမျိုးတွေဆို ဒီလိုလေကုန်ခံပြီး ရှင်းပြပြောပြလည်း လုပ်မှာမဟုတ်ပါဘူး။ အောက်စီဂျင်ရှုရတဲ့ တန်ဖိုးက သေးတာမှ မဟုတ်တာ။
နိုင်ငံခြားစံနှုန်းတွေ
လူတစ်ယောက်ကို ကြည့်တဲ့အခါဖြစ်ဖြစ်၊ လူတစ်မျိုးကို အကဲဖြတ်တဲ့အခါဖြစ်ဖြစ်၊ နိုင်ငံခြားက လူတွေသုံးကြတဲ့ စံနှုန်းတွေကို တယ်ပြီးသဘောမတွေ့ပါဘူး။ သူတို့က စီးပွားရေး ပညာရှင်ဆို တဲ့ မဟာပညာကျော်တွေရဲ့ စီးပွားရေးအမြင် သက်သက်နဲ့ တွေးဆထားတဲ့ စံနှုန်းတွေကိုပဲ အဟုတ်ထင်နေကြတယ်။ ဘွဲ့ရတဲ့လူ ဘယ်နှယောက်ရှိတယ်။ မော်တော်ကား ဘယ်နှစင်း ရှိတယ်၊ တယ်လီဖုန်း ဘယ်လုံးရှိတယ်၊ အင်တာနက်သုံးနိုင်သူ ဘယ်လောက်ရှိတယ် ဆိုတာ တွေနဲ့ပဲ လူတွေနဲ့ တိုင်းပြည်တွေကို တိုင်းကြည့်ပြီး အဆင့်သတ်မှတ်နေကြတာ။ ဒီမိုကရေစီ အင်မတန်ထွန်းကားပြီး စာတတ်မြောက်မှု ရာနှုန်း မြင့်မားလှတယ်ဆိုတဲ့ အမေရိကန်နိုင်ငံဟာ ကမ္ဘာပေါ်မှာ ရာဇ၀တ်မှုအထူပြောဆုံး၊ အကြမ်းဖက်မှုအများဆုံး၊ လင်ကွာ မယားကွဲ အမြင့်ဆုံး၊ ဆယ်ကျော်သက်ရွယ် ကိုယ်ဝန်ဆောင်မှု ကမ္ဘာမှာ နှုန်းအမြင့်ဆုံးဆိုတဲ့ အချက်တွေကိုတော့ ထည့်ပြီးစဉ်းစားလေ့ မရှိကြဘူး။
အပြုံးနဲ့တိုင်းပါ
ဖွံ့ဖြိုးတိုးတက်မှုဆိုရာမှာ ဂျီဒီပီတွေ၊ ဂျီအင်ပီတွေနဲ့တင် သတ်မှတ်လို့မရပါဘူး။ ဘွဲ့ရတဲ့သူ ဘယ်နှယောက် ဆိုတာနဲ့ တိုင်းလို့မရပါဘူး။ လူတွေ ဘယ်လောက်ကျေနပ် ပျော်ရွှင်မှု ရှိနေသ လဲ။ ဘယ်လောက် ပြုံးနိုင်ကြသလဲ။ စိတ်ယဉ်ကျေးမှုအဆင့် ဘယ်လောက်ရှိသလဲ ဆိုတာတွေပါ ထည့်သွင်းစဉ်းစားမှ ပြည့်စုံလိမ့်မယ်လို့ ယူဆတယ်။ တစ်ခုတည်း ချုပ်ပြီးပြောမယ် ဆိုရင်တော့ နိုင်ငံတစ်နိုင်ငံရဲ့ အဆင့်အတန်းကို အဲဒီနိုင်ငံမှာ ပြုံးနိုင်တဲ့လူ ဘယ်နှယောက်ရှိသလဲဆိုတာနဲ့ တိုင်းပါလို့ ပြောချင် တယ်။ ရယ်တယ်ဆိုတာက လူရွှင်တော်တွေ ပြက်လုံးထုတ်တာကြည့်ပြီး ခွက်ထိုးခွက်လန် ရယ်လို့ရတယ်။ ဟာသ၀တ္ထုတွေ ဖတ်ပြီး ၀ါးလုံးကွဲ ရယ်လို့ရတယ်။ ကလိထိုး ရင်လည်း ထွန့်ထွန့်လူးအောင် ရယ်လို့ရတယ်။ ပြုံးတယ်ဆိုတာကတော့ မလွယ်ဘူး။ တကယ်ကို ရင်ထဲမှာ ကျေနပ်နှစ်သိမ့် ကြည်နူးနေမှ ပြုံးလို့ရတာ။
လူထုစိန်ဝင်း
၂၂၊ ဒီဇင်ဘာ၊ ၂၀၁၀။
ပေါက်ကြီး
ဟုတ်လိုက်လေဆရာရယ်။
မြန်မာပြည်ကို ချမ်းသာစေချင်ပေမယ့် ချမ်းသာလာသလို စိတ်ဆင်းရဲမှုတွေ
ပိုတိုးလာမှာကိုလည်း စိုးရိမ်ပါတယ်။
ဘူတန်ကတော့တော်တော် ဟုတ်တယ်ပြောတာပဲ။ဆ၇ာပြောသလိုဗုဒ္ဓဘာသာ ထွန်းကားလို့လား
မသိဘူး။ေ၇ာက်တော့မေ၇ာက်ဖူးပါဘူးဆ၇ာရယ်။
ေ၇ှးခေတ်ရတနာပုံခေတ်က လူတွေကိုယ်ကျင့်သိပ်ကောင်းကြတယ်လို့ ကြားဖူးတယ်။
သော့တွေမလိုဘူးလို့ပြောကြတယ်။
အဲလိုဖြူစင်မှုမျိုးကို မြန်မာတွေရင်ထဲရှိစေ ချင်လိုက်တာ။အတိတ်က ဘိုးဘွားတွေပိုင်ဆိုင်ခဲ့တဲ့ ကိုယ်ရည်ကိုယ်သွေး
ကိုကျနော်တို့ အားလုံးပိုင်ဆိုင်ချင်လိုက်တာဗျာ။
basic man
I dont think so all Burmese people are smiling all the time ,dont look too much to the all place of corners in Burma , only u look at those people who retired from Schools , universities , and Gov office !! How they are surviving now to get their living status ,person without having children have to make begger to survive daily life .
So in conculsion , all Burmese 95% is not totally happy and not safe to their last date .
Pls check it out U Sein Win ,u said no need GDP , NO technology , —– .
Inside Burma
Basic Man is right! The hungry and angry cant smile.
နိုင်
ဆရာရေ ကျနော်တို့ မြန်မာတွေရဲ့ စိတ်ဓာတ်တွေဟာ ဆရာထင်သလို မဟုတ်တော့ပါဘူး။ ဆင်းရဲမွဲတေတာရယ်၊ အသိ ပညာကိုလက်ခံ ရယူနိုင်တဲ့ အခြေအနေမရှိတာရယ်ကြောင့် တော်တော်ကို ထိန့်လန့်စရာကောင်းလောက်အောင် ဆိုးဝါး နေပါပြီဆရာ။ အရိပ်ရသစ်ပင်လေးစိုက်ပြီး နွားမစားအောင် ၀ါးနဲ့ ကာထားရင်တောင် အဒီဝါးကို ထင်းဆိုက်ဖို့ ဆွဲယူသွား ပါတယ်။ သောက်ရေအိုစင်မှာ ရေခွက်တို့ အဖုံးတို့ ဆိုတာ မကြာခဏ ပျောက်ပျောက်သွားတတ်ပါတယ်။ လူထူထူရှိတဲ့ အလှူတွေမှာ ဖိနပ်ပျောက်တာကတော့ မြန်မာ့ယဉ်ကျေးမှုလိုကို ဖြစ်နေပါပြီဆရာရေ။ လူဘ၀ဆိုတာ နာမ်တရားရော ရုပ်တရားနဲ့ပါ ဖွဲ့စည်းထားတာ ဖြစ်လို့ ရုပ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးမှုတွေကို လစ်လျူရှုလို့ မရဘူးထင်ပါတယ်ဆရာ။ ရုပ်ပိုင်းဆိုင် ရာ လိုအပ်ချက်တွေ အထိုက်အလျောက် မပြည့်စုံဘဲနဲ့တော့ စိတ်ပိုင်းဆိုင်ရာ ယဉ်ကျေးမှုတွေ ကောင်းလာလိုက်မယ်လို့ ကျနော်တော့ မထင်ဘူးဆရာရေ။
Barny
ဟုတ်လိုက်လေဆရာရယ်။
မြန်မာပြည်ကို ချမ်းသာစေချင်ပေမယ့် ချမ်းသာလာသလို စိတ်ဆင်းရဲမှုတွေ
ပိုတိုးလာမှာကိုလည်း စိုးရိမ်ပါတယ်။
ဘူတန်ကတော့တော်တော် ဟုတ်တယ်ပြောတာပဲ။ဆ၇ာပြောသလိုဗုဒ္ဓဘာသာ ထွန်းကားလို့လား
မသိဘူး။ေ၇ာက်တော့မေ၇ာက်ဖူးပါဘူးဆ၇ာရယ်။
ေ၇ှးခေတ်ရတနာပုံခေတ်က လူတွေကိုယ်ကျင့်သိပ်ကောင်းကြတယ်လို့ ကြားဖူးတယ်။
သော့တွေမလိုဘူးလို့ပြောကြတယ်။
အဲလိုဖြူစင်မှုမျိုးကို မြန်မာတွေရင်ထဲရှိစေ ချင်လိုက်တာ။အတိတ်က ဘိုးဘွားတွေပိုင်ဆိုင်ခဲ့တဲ့ ကိုယ်ရည်ကိုယ်သွေး
ကိုကျနော်တို့ အားလုံးပိုင်ဆိုင်ချင်လိုက်တာဗျာ။
+1
lin lin
ကြိုက် တယ် ဆရာ အဲဒီ perspective ကိုမေ့နေတာ ဒါတွေဟာ ဆရာ့ရဲ့မြင် ကွင်းတွေထဲက တခုပါ လေ့လာလို့ မကုန်နိုင် တာပါ
kyaw naing oo
ဆရာကြီးက ကျွန်တော်အကြိုက်ဆုံး စာရေးဆရာများထဲမှ နဲပါတ်တစ်ဆိုမမှားပါ။
ကျေးဇူးတင်ပါတယ်ခင်ဗျား။